Sunday, July 22, 2012

အတွေးစကား(၃)(၂)

(ဒို့မသေခင်---)

 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
ဝင့်ထည်သာသနာ တင့်တယ်စွာတည်စေဖို့ ငါတို့ပြုရမယ် ။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
ရှုဖွယ်သာယာ ယဉ်ကျေးလိမ္မာစေဖို့ ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
မျိုးဂုဏ်ထည်ဝါ ထိမ်းသိမ်းကာဖြင့် မြတ်နိုးလာစေမှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ်
 နုနယ်ခလေးအသိပေးကာ မမှားစေအောင် ပျိုးထောင်အမှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ်
သက်ရွယ်ကြီးမား ဘိုးဘွားများအား လေးစားဂရု ကူညီမှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ်... 
တိုင်းနယ်တပါး ကျင့်ဆိုးများအား မလိုက်စားအောင် ရှောင်ရှားတားမှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
သိမကြွယ်အား ဘာသာခြားမှ ဆွယ်ငြားစုစု တားဆီးမှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
ရောင်းဝယ်ဖောက်ကား ဆေးဝါးမူးယစ် မကျန်ရစ်အောင် ၀ိုင်းကျိုးဆောင်မှု ငါတို့ပြုရမယ်။
 ဒို့မသေခင် ဒို့ရပ်ခွင်ဝယ် 
ကောင်းဖွယ်စုစု ငါတို့ပြုမှ ဒို့သေရလျှင်
 သမိုင်းတွင်ရ တသသ မုချကောင်းလိမ့်မည်။
 ကဲ ... သင့်သမိုင်းက သင်ရေးတဲ့အတိုင်း ကျန်ရစ်မှာဆိုတော့
 သင်မသေခင် ကောင်းအောင်ပြင်ကာ ရေးခဲ့ပါလို့ ပြောချင်တယ် ...

Saturday, July 21, 2012

အတွေးစကား(၁၁)

(မေ့နေကြသော အကျိုးပေး)
ဗုဒ္ဓဘာသာဓလေ့...
လှူကြပြီဟေ့ ဆိုလို့ကတော့...ကြေငြာပြီး ဆုတောင်း...။
အပေါင်းဝေနေယျကို အမျှဝေ ရေစက်ချ သဘာဝပေါ့နော်။
တစ်ရာဖိုးလှူရင်...တစ်ထောင်ဖိုးဆုတောင်း...တစ်သောင်းဖိုးအမျှဝေ
ကုသိုလ်ကံတွေကိုပေါ့။
ကြံဖန်ပြီးတွေးတယ်ပြောပြော...
သဘောကျကျ မကျကျ...ပြောရဦးမယ်။
ဒီအလှူမှာ ကျွေးမွေးရန်အတွက်...
အသေခံ အသက်ထွက်သွားရတဲ့
ကြက်၊ဝက်တွေကို သတ်မှုကံ
ဘယ်သူခံမှာလဲဟင်။

အတွေးစကား(၁၀)

(ဝါးစားခံရသူများ)
ဘဝခန္ဓာရသူတိုင်း မဆိုင်းမတွ သွားရမှာကတော့ သင်္ချိုင်းဆီကိုပဲ။
သင်္ချိုင်းဆီမရောက်ခင်
အရင်ရှေ့ပြေး...အမိန့်ပေးထားတာက...ကာလ။
စဉ်းစားကြစမ်း။
စက္ကန့်သံ တစ်ချက်ချက်နဲ့...တို့သက်တမ်းတွေ တိုတိုသွားပါလား။
စက္ကန့်ခြောက်ဆယ်ဆိုရင်...တို့သက်တမ်းတွေ တစ်မိနစ် နေဖို့လျော့သွားပြီ။
မိနစ်ခြောက်ဆယ်ဆိုရင်...တစ်နာရီအသက်ရှင်ဖို့ လျော့သွားပြီ။
ကဲ...အချိန်တွေ ကုန်နိုင်ခဲလိုက်တာလို့
ညည်းလိုက်ကြဦးလေ...။
တကယ်တော့
စက္ကန့်သံတစ်ချက်ဟာ...
သေမင်းရဲ့ ရှေ့ပြေး တမန်တော် ကာလ က
တို့သက်တမ်းကို ကိုက်ဖြတ် ဝါးစားလိုက်တဲ့ အံကျိတ်သံတစ်ချက်လို့
သိလိုက်ကြရဲ့လား။
အချိန်ကို အကျိုးရှိစွာ အသုံးချပါကွယ်။

အတွေးစကား(၉ )

(ဘာသာရေးလိုက်စားသူ)

ဘုရားပွဲထဲလည်း သူ...တရားပွဲထဲလည်း သူ...
သံဃာနှင့်စပ်ရာ...ဒုလ္လဘပွဲ၊ကထိန်ပွဲ၊ရှင်ပြုပွဲလည်း သူ။
ဘုန်းကြီးပျံ၊အသုဘ၊ဒုမင်္ဂလလည်း သူ။
ဒီလူ...။
ဘာသာတရား အတော်လိုက်စားတဲ့ သူ။
သူ့ မူကိုကြည့်လေ...
တိုက်ပုံ ပုဆိုး အချိုးကျကျနနနှင့်
သုမင်္ဂလ၊ဒုမင်္ဂလ ပွဲဟူသရွေ့ အကုန်တွေ့ ၊
ဒီကနေ့တော့ သူ့အကြောင်း...အပေါင်းသင်းထံကကြား၊
ဒီလူဟာ...ဘာသာရေးပွဲတွေမှာ..အမြဲလိုက်စားနေကျတဲ့။
ကဲ...မှတ်ကရော။
ငါရော သူ့လိုဖြစ်နေသလား။
သင်ရော သူ့လိုဖြစ်နေသလား။
စဉ်းစား...။
မဖြစ်စေနဲ့နော်။

Friday, July 20, 2012

အတွေးစကား(၈)

(အနာဂတ်သာသနာ၏တရားခံ)

ထေရဝါဒဗုဒ္ဓဘာသာမှာ မပါတဲ့
ကိုးကွယ်မှု...ပူဇော်မှု...ပသမှု...ကျင့်ကြံမှု...အစုစုဟာ
မိရိုးဖလာဆိုတဲ့ အယူတစ်ခုကြောင့်
အမှောင့်ပယောဂပမာ...ဖြစ်လာရတာပါ။
ပျက်အစဉ် ပြင်ခဏ...တဲ့
အရင်ကမှားခဲ့တာ အသာထား
အခုဆက်မှားနေရင် နောင်လဲမှားဦးမှာပဲ။
ကဲ...ဘယ့်နှယ်လုပ်ကြမလဲ၊
ကလေးတွေအသည်းထဲ...ဒီအယူအစွဲတွေ ပေးခဲ့မှာလား။
ဒီကလေးတွေက...လူကြီးဖြစ်လာမှာနော်...
ကလေးကောင်းမှ လူကြီးကောင်းမှာပေါ့။
အနာဂတ်သာသနာမှာ...တစ်ခါလာဒါပဲဆိုရင်တော့
တရားခံအစစ်ဟာ ဘယ်သူဖြစ်မလဲ...။
သင့် မိသားစု သာသနာ သင်တာဝန်ယူပါ။

အတွေးစကား(၇)

(လုပ်ရပ်ပေါ်မှာ မူတည်တယ်)
 အနုပညာလောကနှင့်အားကစားလောကတွေကို 
လေ့လာကြည့်ရှုမိရင်း ပေါ်လာတဲ့ အတွေးစလေးတွေပါ။ 
တစ်ချို့အဆိုတော်တွေက ကိုယ်အော်တဲ့သီချင်းသံ 
သံစဉ်ကိုက်လား မကိုက်လား၊စည်းဝါးငြိလား မငြိလား၊
ပရိသတ်ရင်ထဲ ထိလား မထိလား မသိဘဲနှင့် လက်ခုပ်လေးတီးပေးပါဦးလို့ တောင်းဆိုကြတော့ 
ပရိသတ်က မတီးချင် တီးချင်နဲ့ တီးပေးရပါရော။ 
တောင်းဆိုမှုကြောင့် တီးတဲ့လက်ခုပ်သံ အားပေးမှုအမှန်မဟုတ်ဖူး 
အားကစားဘက်လည်း ထိုနည်းတူပဲ အားပေးမှုအစစ်က ကိုယ့်လုပ်ရပ်ပေါ်မှာမူတည်တယ်၊ 
ကိုယ့်လုပ်ရပ်က သံစဉ်ကိုက် စည်းဝါးငြိ ပရိသတ်ရင်ထဲမှာ 
အချိန် နေရာ အခြေအနေ ခံစားမှု ကိုက်ညီလို့ ထိပြီဆိုရင်
 ကောင်းကင်ကြီးပွင့်ထွက်မလား လက်ခုပ်သံညံညံအားနှင့် ထောပနာတရားပြုကြတယ်လေ
 တောင်းဆိုစရာ မလိုပါဘူး။ ကိုယ်ကောင်းအောင်သာ ကြိုးစားပါ။
ဒီအတိုင်းပဲ မိတ်ဆွေ 
သင့်လုပ်ရပ် ပတ်ဝန်းကျင်ပရိသတ်က စောင့်ကြည့်နေတယ်။

Monday, July 16, 2012

အတွေးစကား(၆)

(အမြဲတမ်းတွေးပါ)

လူဆိုတာ အတွေးမကင်းပါဘူး.....။
လောဘအတွေး...ဒေါသအတွေး...မောဟအတွေး...။
အတိတ်ကိုပြန်တွေး...အနာဂါတ်ကိုမျှော်ငေး...တွေးလိုက်ကြတဲ့ အတွေးတွေလေ
ပစ္စုပ္ဗန်မှာတွေးသင့်တာကို ပြောမယ်နော်။
ငါကဘာလဲ...ငါဘာလုပ်နေလဲ...ငါဘယ်နေရာရောက်နေတာလဲ...အမြဲတွေးပါ။
(ဥပမာ) စာရေးသူအရှင်ဆိုပါတော့
ငါကဘာလဲ...ရဟန်းတစ်ပါး။
ငါဘာလုပ်နေလဲ...ဘာသာ၊သာသနာနှင့်ဆိုင်သောအလုပ်။
ငါဘယ်နေရာရောက်နေတာလဲ...ဘုန်းတော်ကြီးကျောင်း။
ဒီလို အဖြေထွက်ရင်တော့
လူမှန်...အလုပ်မှန်...နေရာမှန်...ဧကန်တိုးတက်မယ်။
ငါကဘာမှန်းမသိဘဲ...အလုပ်လွဲ...နေရာလွဲ...နေရင်တော့...
မှားဖို့သာပြင်ပေတော့။
ကဲ...တွေးကြည့်စမ်း...
သင်ကဘာလဲ...သင်ဘာလုပ်နေတာလဲ...သင်ဘယ်နေရာရောက်နေတာလဲ...
အမြဲ...အမြဲတွေးကြည့်စမ်းပါ။
အမြဲတွေးပါနော်။

Sunday, July 15, 2012

အတွေးစကား(၅)

(ကြားလား)

ဟဲလို...ကြားလား။
ယမမင်းလက် အနက်ရောင် စကားပြောစက်တစ်လုံးကို ကိုင်၊
ရုံးထိုင်နေပုံကို ကြည့်စမ်း။
ဟဲလို...ဘာဂဏန်းထွက်လဲ ကြားလား၊နှစ်လုံးက ဇရာ၊သုံးလုံးက မရဏ။
ဟဲလို...ဘယ်အသင်းနိုင်သွားလဲ ကြားလား၊
သုခနှင်ဒုက္ခပြိုင် ဒုက္ခအသင်းကနိုင် ဟဲလို...ကြားလား။
လောကီစီးပွား တိုးပွားဖို့ရှာနေစဉ်...သေမင်းကို အစဉ်မေ့၊
ဒီကနေ့ပြန်စဉ်းစား...
စီးပွားရှာ သွားလာနေတာ လောကီအတွက်၊
အသက်ကိုအရင်းတည် သေမင်းပြည်နှင့်အဆက်အသွယ်ပြတ် သင့်လုပ်ရပ်မှန်ပါတယ်။
ဒါပေမယ့်...လောကုတ္တရာတရား ကြိုးစားပြီးရှာမယ်ဆိုရင် သတိဝင်.....
သေချာတွေးကြံ...မနက်ဖြန်နှင့်သံသရာ...ဘယ်ဟာပိုနီးသလဲ...
ဟဲလို...ကြားလား။

အတွေးစကား(၄)

(ဘဝရထား)
ဘူတာမှာ ရထားစောင့်
ရောက်သင့်တဲ့အချိန်ထက် နောက်ကျနေတာတောင်မှ
ရထားက ပေါ်မလာ။
ဘူတာတွင်းမှာတော့...
လူချင်းထိမတတ် ညှပ်သပ်နေကြတာကအမှန်။
ဆူညံနေကြတာကလည်း မနား၊
ဟိုသွားဒီသွား လမ်းသလားနေသူတွေကလည်း တစ်မှောင့်၊
တစ်ယောက်တမူ ပုံစံတွေယူထားကြတာကလည်း မျိုးစုံ။
အားလုံးအကုန်သည်...
စီးနင်းလိုက်ပါရန် စက်ရထားစောင့်ဆဲ။
အသက်ရထား...ဘဝရထား...ခန္ဓာရထားက
ဇာတိဘူတာမှထွက်...ဇရာဘူတာဘက်ကိုမောင်း...
ညောင်းလျှင် ဗျာဓိဘူတာဝင်ကာနား၊
ဆက်သွားလျှင်ခရီးဆုံး...တစ်ဝုန်းဝုန်း တစ်ချက်ချက်နဲ့...
မရဏဘူတာဘက်ပြေးနေတာကို သူတို့မသိ၊
သူတို့သိချင်တာ...
ရထားဘယ်ချိန်ဆိုက်မှာလဲ။

အတွေးစကား(၃)

(ဒို့မသေခင်)

သမိုင်းဆိုတာကို 
လူသားတိုင်း အသိအမှတ်ပြု တန်ဖိုးထားတတ်ကြတယ် ...
ဒါကြောင့်လည်း ကမ္ဘာ့အစသမိုင်း လူသားအစသမိုင်း
တစ်ခုနှင့်တစ်ခု ခိုင်းနှိုင်းတွက်ဆ ပြိုင်ဆိုင်နေကြတာပေါ့ ။
ဗုဒ္ဓသမိုင်းကို ဗုဒ္ဓ၀င်
သာသနာ့သမိုင်းကို သာသနာဝင်
မင်းတို့၏သမိုင်းကို ရာဇ၀င်
စသည်ဖြင့် ၀င်ပေါင်းများစွာရှိနေကြတာပေါ့ ။
သမိုင်းဆိုတာ အထောက်အထား
ဘယ်လိုဖြစ်ပွား ဘယ်လိုလှုပ်ရှား 
ဘယ်လိုပြောကြား ဘယ်နားမှာတည်
ဘယ်နားမှာရှိ ဝေဖန်သိစရာတွေပါ။
အခြားသမိုင်းတွေအသာထား
လူသားဆိုတာ ကိုယ့်သမိုင်းကို ကိုယ်ရေးရတာလေ ...
ဒီတော့ ... ကိုယ့်သမိုင်း အရိုင်းမတွင်ရစ်ရလေအောင်
လူသေပေမယ့် သမိုင်းမသေရလေအောင် ...ဒို့စွမ်းဆောင်ဖို့ လိုအပ်တယ်။

အတွေးစကား(၂)

(သူတို့လိုများ)

သင်နေထိုင်ရာအိမ်...
ခေါင်ကမှ မိုးမလုံတော့ တစ်အိမ်လုံးရွဲတော့မပေါ့။
သင့်အိမ်ရဲ့ ည...
အလင်းရဖို့ ထွန်းညှိစရာ ဘာမှမရှိတော့ မှောင်တော့မပေါ့။
သင့်အိမ်ရဲ့ စားဝတ်နေရေး...
ချက်ပြုတ်စရာအတွက် ဝယ်ရမည့်အသပြာ ငွေဟာမရှိတော့ ငတ်တော့မပေါ့။
ဝတ်ဆင်စရာအတွက် ဝယ်ရမည့် ငွေပိုက်ဆံ မှန်မှန်မရှိတော့ အဟောင်းလေးဝတ်ပေါ့။
ဒါပေမယ့်...သင့်ရဲ့ ဟိုဘက်အိမ်...တစ်ကြိမ်လောက်တော့ လှမ်းကြည့်လိုက်စမ်းပါ.....
မိုးရေမစို...နေ့လိုညခင်း ထိန်ထိန်ကိုလင်းနေတာပဲ၊
စားပွဲပေါ်ကိုလည်းကြည့်လိုက်ဦး
အကောင်းဆုံးအစားအစာ ဖွယ်ဖွယ်ရာရာကိုစုံလို့ပဲ။
တစ်နေ့တစ်နေ့...လှဲလှယ်ဝတ်ဆင်နေကြတာကလည်း မရိုးနိုင်အောင်ပဲနော်။
ကဲ သင်မြင်ပြီမဟုတ်လား...။
သူများအိမ်တွေ...အဆင်ပြေနေကြတာများလေ
ဒါတွေက မထူးဆန်းပါဘူး...သူတို့အိမ်က တစ်အိမ်သားလုံး အလုပ်လုပ်ကြတယ်လေ။

တစ်​​မြေထဲမှာ

(တစ်မြေထဲမှာ)
ကမ္ဘာမြေအကျယ်ကြီးထဲမှာ
 ဒီနယ်တွင် ဒီလူစု ယခုလိုစုနေကြရတာ ဘဝရေစက်။
 ဆုံလာတဲ့ရေစက် မပျက်ရလေအောင် ညီနှောင်သားချင်း စိတ်ရင်းကိုမွေး အားပေးကူညီ။
 လူမျိုးတူသည် မတူသည်ကို ဘေးမှာထား
 လူသားချင်းတွေပဲ မဟုတ်လား။
 တစ်မြေထဲနေ တစ်ရေထဲသောက် 
တစ်ယောက်နှင့်တစ်ဦး ကြည်နူးစွာဆက်ဆံ 
အမုန်းရန်တွေကိုထိန်း တစ်စိမ်းတွေလိုမနေနှင့်။
 တစ်ယောက်ရဲ့အခက်အခဲ လက်တွဲလို့ရင်ဆိုင်
 ဘာသာချင်းလည်း မပြိုင်ကြနှင့်၊
 အာသာချင်းလည်း မဆိုင်ကြနှင့်။
 ပြိုင်ဆိုင်ကြတာ သူစိမ်းတွေအလုပ်၊
 ဒို့တစ်တွေက တစ်မြေထဲနေ---တစ်ရေထဲသောက်---တစ်မိုးအောက်မှာ
အတူတူနေကြတာ မဟုတ်လား။

အတွေးစကား

အကျွန်ုပ်၏ blog ကို ဝင်လေ့လာသောအခါ လောကအရေးကို ဓမ္မနှင့်တွေးပြီး ခပ်ဖြေးဖြေးဖတ်စေချင်ပါသည်။(အောင်မုံရွေး)