Friday, January 25, 2013

အမေ

အမေ

လောကသတ်မှတ်
ဒီရက်မြတ်ကို မြင့်မိုရ်ထက်ကျူး
ကျေးဇူးကြီးမား အမေများနေ့။
မြန်ပြေတစ်ခွင်
နယ်စုံလင်စွာ ဒီရက်မှာလေ
ကျင်းပနေကြ စည်ကားလှ၏။
အမေ့ကျေးဇူး
ဖော်ကျူးဟောပြော တစ်သောသောရယ် လူပုံလယ်
ဝင့်ထည်နေကြ၏။
အမေနေ့ပွဲ
ဆင်နွဲနေသူ ထိုလူများစွာ
အမေ့နားမှာ ကင်းကွာနေကြ၏။
အမေ့အကြောင်း သောင်းပြောင်းထွေလာ
မေတ္တာကြီးပုံ
အစုံစုံအား ပြောနေငြား
မေ့နားသူမရှိ။
အမေ့နေ့တွင်
အမေ့နားပင်
ငါလျှင်နေချင်မိ။
မရှိကွယ်သွား
မွေးမေအား
စဉ်းစားလွမ်းနေ၏။
အမေ
ခေါ်ရတာသည်
ဘာအရသာနဲ့မှမတူ၊
အခုမူ ငါ့မှာတော့ ခေါ်စရာမရှိပေါ့။
ငါသိတတ်တဲ့အရွယ်
ရောက်လာပါပြီဆိုမှ
အမေကမရှိတော့ ငါဘယ်လိုတစ်ကျော့ပြန်ပြီး
ဘယ်နည်းနဲ့ကျေးဇူးဆပ်ရပါ့မလဲ။
သားသမီး(၁၁)ယောက်မှာ
ငါနောက်ဆုံးပေါက်လာမို့
အမေ့နို့ငါစို့ခဲ့တာ အကြာကြီးပါ။
အမေ့ရဲ့နောက်ဆုံးနေ့က
ငါ(၉)တန်းစာမေးပွဲနောက်တုံးဖြေတဲ့နေ့ပေါ့။
အမြဲတမ်း ပရိတ်ဂုဏ်တော်ပုတီးနဲ့
နေတဲ့အမေဟာ ရောဂါဖြစ်နေပေမယ့် သတိသိပ်ကောင်းတယ်။
ငါ့ကို ငါ့သား စာတွေရရဲ့လားတဲ့။
စာမေးပွဲအောင်အောင်ဖြေတဲ့။
အချိန်တန်လို့ ငါကျောင်းမှာ
စာမေးပွဲခန်းထဲစာဖြေပြီးလို့
ပြန်စစ်နေတုံး ငါ့အမတစ်ယောက်
ရောက်လာပြီး သတင်းပို့တယ်
အမေဆုံးပြီ။
အမေ့ကို ဆွေမျိုးစုံအောင်စောင့်ရင်း
(၃)ရက်ထားတယ် ငါငိုလို့မရခဲ့ဖူး။
အမေ့ဈာပနချမယ့်နေ့
ငါတို့အိမ်ဝန်းကအထွက်
လက်ဆယ်ဖြာဦးထိပ်ရွက်လို့
နောက်ဆုံးကန်တော့တဲ့အခါ
ငါ့ရင်တွေဗလောင်ဆူပြီး
မျက်ရည်တွေစီးကျ ငါငိုလိုက်ရတာ
(၇)ရက်အထိပဲ။
အခုတော့ကြာခဲ့ပါပြီ။
အမေ
ဘယ်ဘုံဋ္ဌာန ဘယ်ဘဝမှာများ
သံသရာခရီးသွားနေသလဲ အမေ။
ရောက်ရာဋ္ဌာန ဘုံဘဝက
ကျွန်ုပ်ပြုသမျှ ကုသလ အထွေထွေကို အမြဲအမျှဝေပါ၏။
အမေ့သားရဟန်းတစ်ပါးဖြစ်ပြီး
သာသနာပြုခရီးတွေထွက်
အများအတွက်ပေးဆပ်နေရင်း
မွေးမိခင်ရင်းကို သတိတရ
အခုရေဦးမြို့တရားပွဲပြီး၍
ကလေးမြို့တရားပွဲအတွက်
ခရီးဆက်နေရင်း ကားပေါ်ကနေ
ပြာသိုလ်လပြည့် အမေ့နေ့
အမှတ်တရ အမျှဝေလိုက်ပါတယ်
အမေ။

Wednesday, January 2, 2013

သူရာ

အရက်ဆိုတာ သေရည်လို့ခေါ်တယ်

ဘာတွေသေတာလဲ

ဘဝတွေ၊ပညာတွေ၊ရာထူးတွေ၊ဥစ္စာတွေ၊ဂုဏ်သိက္ခာတွေ၊သက်တမ်းတွေကိုပေါ့။

အရသာကိုကြည့်စမ်း...

ဖန်ပူစပ်ပြီး...ပြန်လည်းအန်တတ်ပါတယ်ကွယ်။

ရှက်မှုဆိုတာကို ဘေးဖယ်ထား

စလွယ်သိုင်းသွားတဲ့သူ့ကို...

ရပ်ရွာက မကြိုက်။

အမိုက်ထိပ်ခေါင် အာခေါင်ခြစ်ပြီး...

အော်ချင်ရာအော်၊ဆဲချင်ရာဆဲ၊လဲချင်ရာလဲ၊ကွဲချင်ရာကွဲ၊ပြဲချင်ရာပြဲ...

သူ့ဆွေမျိုးတွေစိတ်ထဲ ဝင်ကြည့်တော့ မျက်နာငယ်ကြရှာမှာပေါ့။

သူသေရင်...အပါယ်ကျ၊

လူဖြစ်ရလည်းရူး...

အမူးသမား မဖြစ်စေနဲ့နော်။

မုသား

မုသားမပါ လင်္ကာမချော

ဘယ်လိုဘဲပြောကြပြောကြ...အဓိကကတော့ လိမ်တာပါပဲ။

ကျိန်တာကို လိမ်တာလို့ပြောရင်မကြိုက်၊

မိုက်ပြီးတော့ပြောကြ။

ဒီလောက ကမ္ဘာမှာ...မုသာဝါဒဟာ မကောင်းမှုကံပါလို့၊

မခံယူနိုင်သရွေ့.....ဘယ်နေ့မှာမှ အမှန်ရှာမတွေ့နိုင်ဘူး။

ဘဝကူးရင်လည်းမကောင်း၊

စကားမပီ...သွားမညီနဲ့ ငြီပုတ်နံ့ရော

လူတောတိုးလို့ကောင်းပါ့မလား။

မှန်တာကိုသာ ပြောစမ်းပါ...အရသာရှိပါတယ်၊

အေး...ဒါပေမယ့်.....

အကျိုးရှိမယ့်စကားဖြစ်ဖို့ လိုတယ်နော်။

ကာမေသု

ကိုယ့်အမေ၊ကိုယ့်အမ၊ကိုယ့်နှမ၊ကိုယ့်သမီး၊

ကိုယ့်မရီး၊ကိုယ့်အဒေါ်တွေ...

မတော်တရာ် ခံရပြီဆိုရင်

ယမ်းပုံမီးကျ ဒေါသအိုးကွဲကြတာ ဓမ္မတာပါ။

ဒီလိုဆိုရင်...

သူ့အမေ၊သူ့အမ၊သူ့နှမ၊သူ့သမီး၊

သူ့မရီး၊သူ့အဒေါ်အပေါ်

ကိုယ်ကရော...မတော်တရော်ပြုသင့်သလား...စဉ်းစား။

ဖြစ်ရာဘဝ မလှပတဲ့အပြင်မှာ...ယောကျားမိန်းမ မကွဲ

ဂန်ဒူးပွဲနွဲရမှာ...မကြောက်ဖူးလား။

ယောကျားမိန်းမတွေ...လူ့သဘာဝမှာ

ကိုယ်ပိုင်ကာမ...ရှိကြတာပဲလေ။

အပိုမလိုချင်ပါနဲ့ကွယ်...

အပိုဆိုကတည်းက မလိုအပ်လို့ပါနော်။

ခိုးခြင်း

ကိုယ့်ပစ္စည်းကို နှမြောရင် သူများပစ္စည်းကို မခိုးနဲ့၊

ခိုးတယ်ဆိုတာ လိုချင်လို့လေ။

လိုချင်တာက လောဘ၊

လောဘကြီးလာရင် လုယက်မယ်၊

မရရင် သတ်ယူမယ်။

ယခုဘဝလည်းမကောင်းဘူး၊ နောက်ဘဝလည်းမကောင်းဘူး။

မရှိရင် မရှိသလိုပဲ နေတတ်အောင်ကြိုးစား

မနေတတ်ရင် ရိုးသားစွာရှာ

သူ့ ဥစ္စာခိုးတယ်ဆိုတာ

မကောင်းပါဘူးကွယ်။

သတ်ခြင်း

ပါဏာတိပါတာကို ဝေရာမဏိလို့ ဆိုမိပြီးပြီဆိုရင်

သတ်စရာကြုံလည်း မသတ်နဲ့။

အပြောတစ်ခြား အလုပ်တစ်ခြားဆိုရင် သီလရှင်ဘယ်ဟုတ်တော့မှာလည်း။

လောကမှာ ကြက်၊ဝက်၊ကျွဲ၊နွား သတ်စားကြတာ ကြိုက်လို့ပေါ့။

ထို့အပြင် ခြင်၊ယင်၊သန်း၊ကြမ်းပိုး အမျိုးမျိုးကိုကျတော့ မကြိုက်လို့သတ်။

ကြိုက်လို့သတ်တာ လောဘ၊

မကြိုက်လို့သတ်တာ ဒေါသ၊

လောဘ ဒေါသဟာ အကုသိုလ်တွေပါလားလို့ မသိတာ မောဟ။

လောဘ၊ဒေါသ၊မောဟတွေ ရှင်သန်နေသရွေ့

အသတ်ခံရမှာက ကိုယ့်ဘဝ။

ဒီတော့ ကိုယ်က အရင်သတ်လိုက်ပါကွယ်...
အကုသိုလ်တွေကိုပြောတာပါ။